အမေသို့
နေပူမကြောက် မိုးရွာမရှောင်
ဘဝတစ်ခုလုံးကိုပေးဆပ်ရင်းနဲ့
ရှာဖွေကျွေးမွေး မြေတောင်မြှောက်ပေးခဲ့တဲ့အမေ့ရဲ့ကျေးဇူးတွေ
အဖေမရှိတော့သော်လည်း
မကြောက်မရွံ့ မတုန်လှုပ်ပဲ
လောကဓံကိုကြံ့ကြံ့ခံကာ သားသမ္မီးတွေရှေ့မှ
မားမားမှတ်မှတ်ရပ်ကာ ကာကွယ်ပြုစုစောင့်ရှောက်ခဲ့တဲ့အမေ
အမေ့ရဲ့ကျေးဇူးတွေကိုသား ဘာနဲ့မှနှိုင်းပြလို့မရပါဘူးအမေ
နေပူကြဲတဲ မိုးထဲလေထဲ ဆောင်းနှင်းများတဖွဲဖွဲကျလည်း
ငါ့သားသမ္မီးတွေအတွက်ဆိုပြီး ရုန်းကန်လှုပ်ရှား
ဝမ်းစာရှာဖွေပေးခဲ့တဲ့အမေ
ပညာကုန်စင် လိမ္မာယာဉ်ကျေးအောင်
ရှေ့ဆောင်လမ်းပြ သွန်သင်ဆုံးမခဲ့တဲ့အမေ့ကို
သားအဝေးတစ်မြေကနေ အမေတစ်ယောက်
ကျန်းမာစေကြောင်းသားဆုတောင်းလျက်ပါအမေ
အမေ့ကိုသား လွမ်းဆွတ်တမ်းတ
သတိရမိတိုင်း အမေ့အတွက်ကဗျာတွေဖွဲ့
သီချင်းတွေသီကုံးလဲ သားရဲ့အလွမ်းတွေမဖြေဖျောက်နိုင်ပါဘူးအမေ
လောကကြီးထဲမှာ အမေတစ်ယောက်အထီးကျန်သော်လည်း
စိတ်ဓါတ်မကျ အားမငယ်ပဲ အမေရန်းကန်ခဲ့ရပုံတွေကို
သားပြန်စဉ်းစားမိတိုင်း အမေ့အတွက်မျက်ရည်တွေ
အခေါက်ခေါက်အခါခါ ကျခဲ့ရပါတယ်အမေ
အဖေ့အပေါ်မှာထားတဲ့ သစ္စာ
တစ်ပင်လှဲလည်း ပြန်မထူတဲ့အမေ
သားသမ္မီးအပေါ်ထားတဲ့အမေ့ရဲ့ အချစ်မေတ္တာ ငှဲ့ကွက်မှုသံယောဇဉ်တွေကို
သားလေးစားဂုဏ်ယူလို့မဆုံးပါဘူးအမေ
ဟိုးအရင်ငယ်စဉ်က သားဆိုးခဲ့မိုက်ခဲ့
အမေ့စကားနားမထောင်ခဲ့တာတွေကို ခုချိန်မှာသားနောင်တတွေအကြိမ်ကြိမ်ရနေပါပြီးအမေ
သားရဲ့မိုက်ပြစ်တွေကိုအမေခွင့်လွတ်နိုင်သော်လည်း
သားကိုသားတော့ယူကျုံးမရဖြစ်မိပါတယ်အမေ
နောင်လာမဲ့အနာဂါတ်မှာအမေဖြစ်စေချင်သောသားတစ်ယောက်ဖြစ်အောင်ကြိုးစားနေလျက်ပါ
လောကကြီးထဲမှာ ရုန်းကန်လှုပ်ရှားရင်း
ဘဝအကြောင်းကို သားနားလည်နေပါပြီးအမေ
လူ့ဘဝထဲမှာလူသားတစ်ယောက်
အသက်ရှင်နေထိုင်နိုင်ဖို့အတွက်ရှာဖွေစားသောက်ရတာအတော်ခဲယဉ်းပါလား
ဆိုတာသားတွေးမိရင်
မိန်းမသားတန်မဲ့ မိန်းမသားတစ်ယောက်နဲ့မမျှအောင် အလုပ်လုပ်ခဲ့ရတဲ့
အမေ့ရဲ့ဟိုးအရင်အတိတ် ကျွန်တော်အရွယ်မရောက်သေးတဲ့ဘဝကို
ပြန်သတိရမိရင် ခုချက်ချင်း အမေ့အနားကိုအပြေးလေးသွားပြီး
အမေ့ရှေ့မှောက် ဒူးကိုထောက်ကာ အမေ့ခါးကိုဖက်ရင်း
အမေရယ်လို့သား
အားရပါးရခေါ်လိုက်ချင်တယ်
အမေရယ်

No comments:
Post a Comment